တော်လှန်ရေးမိခင်ကြီး ဖခင်ကြီးတွေ ဝင်လုပ်ကြ ဂိုဏ်းကဏ္ဍခွဲကြတာတွေက မြင်မကောင်းတော့ဘူး
တော်လှန်ရေးမိခင်ကြီး ဖခင်ကြီးတွေ ဝင်လုပ်ကြ ဂိုဏ်းကဏ္ဍခွဲကြတာတွေက မြင်မကောင်းတော့ဘူး
Fund Raiser က Fund Raiser နေရာမှာ နေကြတာ ကောင်းလိမ့်မယ်။ ပြည်သူထည့်ဝင်တဲ့ အလှူငွေကို ပို့ပေးပြီး တော်လှန်ရေးမိခင်ကြီး ဖခင်ကြီးတွေ ဝင်လုပ်ကြ၊ အုပ်စုဖွဲ့ကြ၊ ဂိုဏ်းကဏ္ဍခွဲကြတာတွေက မြင်မကောင်းတော့ဘူး။




Fund Raiser ဆိုတာ ပြည်သူပေးပို့တဲ့ငွေကို အယိုအပေါက်မရှိ စုစည်းပေးဖို့ရယ်၊ ပျံ့ကျဲနေတဲ့ အင်အားအသေးလေးတွေကို စုပြီး ကြီးမားတဲ့ အင်အားတစ်ခုဖြစ်လာဖို့ ဆောင်ရွက်ပေးရတဲ့ ပေါင်းကူးတံတားပဲ။
ပြည်သူဆီက ကူညီထောက်ပို့ငွေကို စုမယ်၊ မှန်ကန်တဲ့အဖွဲ့တွေဆီ ပို့မယ်။ ဒါပဲ။ Fund Raiser တွေအနေနဲ့ အဓိက အာရုံစိုက်ရမှာက တော်လှန်ရေးဆီ ငွေများများ စီးဝင်နိုင်ဖို့ ငွေကို ဘယ်လိုဘယ်ပုံ ရအောင် ရှာရမယ်ဆိုတာကိုပဲ အဓိက အာရုံစိုက်ရမှာ။
မြေပြင်တော်လှန်ရေးအဖွဲ့တွေကို ပြည်သူ့ထောက်ပံ့ငွေ ပေးပို့ပြီး ကိုယ်ထောင်ထားတဲ့ အဖွဲ့လိုလို၊ ကိုယ့်လက်အောက်ခံအဖွဲ့လိုလိုတွေ ဩဇာထူထောင်ခြင်းရဲ့ အကျိုးဆက်တွေဟာ ဘယ်အရာမှ မကောင်းဘူး။ ဘာကောင်းကျိုးမှ မရှိဘူး။ ဘာနဲ့တူလာလည်း ဆိုတော့ အုပ်စုဖွဲ့ ဂိုဏ်းခွဲ လူမိုက်အထာတွေ နင်ဘာကောင်လဲ ငါဘာကောင်လဲ အထာတွေ။




Fund Raiser ဆိုတာ ထောက်ပို့ငွေများများရှာဖွေဖို့ ကြိုးစားရမယ်။ မြေပြင်ကိစ္စတွေမှာ ကိုယ်တွေဟာ ကျွမ်းကျင်သူတွေ မဟုတ်ဘူး။ Fund Raiser ဆိုတာနဲ့ စစ်ရေးစစ်ရာ ပါရဂူတွေလည်း မဟုတ်ဘူး။ ငွေထောက်ပံ့ပြီး ငါ့လက်အောက်ခံအဖွဲ့ ဆိုတာမျိုး ဩဇာထူထောင်နေရင် လူမိုက်မွေးတဲ့သဘောတရားနဲ့ ဘာထူးတော့မှာလဲ။
သာမန်၊ သာမန်ထက် အနည်းငယ်ပိုတဲ့ Fund Raiser တစ်ယောက်အနေနဲ့ ပြည်သူ့အားကိုးယုံကြည်မှုကို ရထားတယ်ဆိုရင် ရထားတဲ့ ယုံကြည်မှုကို တော်လှန်ရေးမှာ အသုံးပြုပြီး တော်လှန်ရေးရှေ့ရောက်ဖို့ စည်းရုံးစုစည်းတဲ့နေရာမှာ ဒီအင်အားကို အသုံးပြုရမှာ။
တစ်ကိုယ်စာ ဩဇာထူထောင်ပြီး တလောကလုံးအမှား ကိုယ်ပဲအမှန် ကိုယ်ပဲအကောင်း ကိုယ်ပဲ လုပ်နေတာဆိုတာမျိုးတွေ ချိုးပြ၊ ငွေပို့တဲ့အဖွဲ့တွေက ငါတို့လူအမှန်လို့ ထောက်ခံ။ ပြသနာ ဖြစ်လာတော့ ဒီFund Raiser က ငွေပို့ခံရတဲ့ အဖွဲ့တွေနဲ့ ဟိုFund Raiserက ငွေပို့ခံရတဲ့အဖွဲ့တွေနဲ့ ထရန်စောင်။ အခုအချိန်က Fan ခွဲ ရန်ဖြစ်ရမယ့် အချိန်လည်း မဟုတ်။




ငါ့မလည်း ဝင်မပါမိအောင် ပါးစပ်ကို အတင်းပိတ်နေလည်း အတင်းဆွဲထည့် စောက်ပြစ်တင်ခံရ။ ဒီဖြစ်စဉ်က ငါနဲ့ ဘယ်နေရာမှာမှ မသက်ဆိုင်တာ အရှင်းကြီးလည်း အတင်းဆွဲထည့်တဲ့ သန္ဓေယုတ်က တစ်မျိုး။
အဲ့တော့ ကိုယ့်ရပ်တည်ချက်ကို ရှင်းရှင်းပဲ ပြောမယ်။ ထောက်ပို့အလုပ်တွေ သေးသေးတမျိုး ကြီးကြီးတမျိုးလုပ်လာတာ တစ်နှစ်ကျော်ပြီ။ လာအကူအညီတောင်းတဲ့ အဖွဲ့တိုင်းကို မပို့နိုင်ပေမယ့် ထောက်ပို့နေတဲ့ အဖွဲ့ရာကျော်ရှိပြီ။ လစဉ်ထောက်ပံ့တာရှိတယ်၊ လခြား ထောက်ပံ့တာရှိတယ်၊ အလျင်းသင့်သလို ထောက်ပံ့တာရှိတယ်။
ရရှိတဲ့ ရှာနိုင်တဲ့ ပမာဏအပေါ် မူတည်တယ်။ Project အကြီးတွေ ဆက်တိုက်ဝင်Run ရပြီဆို ရရှိငွေက အဲ့ Project တွေအတွက် တလုံးတခဲတည်း ပို့ရတာဖြစ်တဲ့အတွက် အဲ့လိုအချိန်တွေဆို အဖွဲ့တွေအတွက် မျက်ဖြူစိုက်ပြီ။ အဲ့လိုအချိန်ဆို ကိုယ်မပို့နိုင်ရင်တောင် ပို့နိုင်တဲ့ FRတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတာမျိုး တတ်အားသမျှ လုပ်တယ်။
ထောက်ပို့ငွေ အကူအညီတောင်းပြီဆို Trust Issue ကို အဖွဲ့တွေရဲ့ လုံခြုံရေး မထိပါးမယ့်နည်းနဲ့ စိစစ်တယ်။ Trust Issue ခိုင်မာပြီဆိုရင် ငွေရှိတဲ့အချိန်ဆို ချက်ချင်းပို့တယ်။ မရှိရင် ရတဲ့အခါ ဦးစားပေး ပို့တယ်။ ငွေပို့လိုက်ပြီဆိုရင် လက်ခံရရှိကြောင်း မှတ်တမ်း တောင်းတယ်။ ဒါပြီးပြီဆို ပြီးပြီ။




အခြေအနေတွေ လာပြောပြရင် နားထောင်ပေးတယ်။ နားထောင်တာပဲ ရှိတယ်နော်။ ဝင်မပါဘူး။ အခက်အခဲတွေ ပြောပြရင် ကူနိုင်တာရှိရင် ကူတယ်။ ပွတ်တိုက်မှုတွေ ပြောပြရင် ပြေလည်ဖို့ နည်းလမ်းရှာပေးတယ်။ ပြေလည်ဖို့ နည်းလမ်းရှာမရရင် ပါးစပ်ပိတ် နားထောင်ပေးလိုက်တယ်။
ဒေသတစ်ခုတည်းမှာ လှုပ်ရှားနေတဲ့ မတူတဲ့အဖွဲ့အချင်းချင်း သူ့ထက်ငါ ဦးအောင် အပုတ်ချကြတာတွေလည်း ကြုံဖူးနေကျပဲ။ ဒီဘက်က ပြောရင် ဒီဘက်နားမှာ ထားတယ်၊ ဟိုဘက်ကပြောရင် ဟိုဘက်နားမှာ ထားတယ်။ ဝင် Judge မလုပ်ဘူး။အရမ်းရန်စောင်တာမျိုးဆိုရင် အချင်းချင်းပြသနာတတ်မယ့် ဘယ်အဖွဲ့ကိုမဆို ထောက်ပံ့မှာ မဟုတ်ကြောင်း ယဉ်ကျေးစွာ အသိပေးတယ်။ ဒီလောက်ပဲ။




ပန်ဆယ်လို့ အဖွဲ့တွေလို့ အချို့Zoomတွေမှာ သုံးနှုန်းခံရရင်တောင် ချက်ချင်းစကားပြင်ခိုင်းတာ။ ဒီအဖွဲ့တွေဟာ သူတို့အင်အား သူတို့ဇွဲသတ္တိနဲ့ ထူထောင်ထားတဲ့ အဖွဲ့တွေ ဖြစ်ပြီး ကျွန်မက တတ်အားသမျှ ပြည်သူ့ထောက်ပို့ငွေ မျှဝေပေးရုံပဲ ဖြစ်တဲ့အတွက် ကျွန်မအဖွဲ့တွေ မဟုတ်ပါဆိုတာကို ရှင်းပြတယ်။ ကျွန်မမှာ ဘာအဖွဲ့မှ လက်ကိုင်မရှိကြောင်း ပြောပြတယ်။
တော်လှန်ရေးအဖွဲ့တွေဆိုတာ ကိုယ်တွေက အားကိုးလို့ ထောက်ပံ့ကြတာတွေ ဖြစ်တယ်။ ကိုယ်တွေရဲ့ လက်ကိုင်ဒုတ် မဟုတ်သလို ကိုယ်တွေရဲ့ လက်အောက်ခံလည်း မဟုတ်ဘူး။ အဲ့လို ဩဇာထူထောင်သူတွေနဲ့လည်း မပတ်သက်အောင် ခပ်ဝေးဝေးနေတယ်။ ဒါက ကိုယ့်ရပ်တည်ချက်ပဲ။တခါတရံ အပုတ်ချခံရတဲ့ပိုစ့်အောက်မှာ ကိုယ့်ဘက်က ကိုယ်ထောက်ပို့နေကျ အဖွဲ့တွေက ဝင်မန့်ရင်တောင် ကိုယ်က တားတယ်။ ကာကွယ်ပေးချင်တာ ကျေးဇူးတင်တယ်။




ဒါပေမယ့် ကိုယ်တစ်ယောက်တည်း Fight နိုင်ကြောင်း မြေပြင်အခြေအနေကိုပဲ အာရုံစိုက်ဖို့၊ ဖေ့စ်ဘုတ်က ကိစ္စတွေကြောင့် အာရုံမများဖို့ ပြောတယ်။ ရှေ့တလောကဆို MOPFIနဲ့ ဖြစ်တဲ့ ပြသနာမှာ ကိုယ်ထောက်ပို့နေတဲ့ အဖွဲ့တွေထဲက PDF လူငယ်တွေ MOPFI ကို ဝင်ဆဲတယ်။ တွေ့တာနဲ့ ကိုယ် သွားထိန်းတယ်။ကျေးဇူးတင်ကြောင်း… ဒါပေမယ့် PDF လူငယ်တစ်ယောက်က Public မှာ အခုလို ပြောရင် ရန်သူဝမ်းသာမှာ ဖြစ်ကြောင်း ရှင်းပြတယ်။ လူငယ်တွေဟာ အရမ်း Smart ဖြစ်တယ်။ တစ်ခွန်းလောက်ပြောတာနဲ့ ချက်ချင်း နားလည်တယ်။ကိုယ့်ဘက်က ဝင်ကာကွယ်ပေးတာပဲ။ သဘောမကျဘဲ ရှိမလား။ ဒါပေမယ့် သူတို့ကို ဝင်ထိန်းတာဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းတာပဲ။ ငါဘာလုပ်လုပ် ငါထောက်ပို့တဲ့အဖွဲ့တွေက PDFတွေ ကိုယ်တိုင်က ငါ့ဘက်က ဝင်ထောက်ခံ ဝင်ကာကွယ်နေတာပဲဆိုပြီး သာယာမိသွားမှာ စိုးလို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တာ။




တော်လှန်ရေးကာလ တစ်နှစ်လည်း ကျော်လာပြီ။ ရင့်ကျက်ကြဖို့ လိုလာကြပြီ။ တူတာတွေ တွဲလုပ်ကြမယ်။ မတူတာတွေ ခွဲလုပ်ကြမယ်။ အဓိကက ပုံသဏ္ဍာန်မတူရင်တောင် စစ်အာဏာရူးတွေကို တော်လှန်နေတဲ့ လမ်းချင်းတူရင် ရပြီပဲ။
သိအောင် ပြောရရင် ဒေါ်ပန်လည်း ခန္ဒီပါရမီ သိပ်ပြည့်စုံနေတာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူတွေ ဟိုဘက်က မှန်တယ်၊ ဒီဘက်ကမှန်တယ်နဲ့ ခေါင်းရှုပ်ရမှာစိုးလို့၊ ငါတို့လူတွေ အချင်းချင်းရန်ဖြစ်နေကြတယ်ဆိုပြီး စိတ်ဓါတ်ကျမှာစိုးလို့ မျိုသိပ်ထားရတဲ့ဒေါသတွေမှ မီးတောင်တစ်လုံးစာမကဘူး။
မျက်နှာချင်းဆိုင်ဆုံတဲ့နေ့ စောက်ခွက်ကြီး ပြေးထိုးမှာကွာလို့ တွေးထားတဲ့ တစ်ကောင်ကိုတောင် တော်လှန်ရေးအတွက် ငွေရှာပေးနေတယ်ဆိုတာ တစ်ခုတည်းနဲ့ လူပါးဝသမျှ ပြုံးကြည့်နေတာ နှစ်ချီတော့မယ်။




အာဏာထူထောင်ချင်တဲ့ အာဏာရူးတွေကို တိုက်ထုတ်နေတဲ့ပွဲမှာ အာဏာထူထောင်ချင်တဲ့ နွေဦးမင်းအောင်လှိုင်တွေကို မြင်နေရတာလည်း ဝဋ်ကြီးခြင်းတစ်မျိးးပါပဲ
Credit