ဒီတစ်ပတ်အတွက်ကတော့ အညာဒေသရဲ့ ဝက်ပုန်းရည်ကြီး အိုးကြီးနှပ်ချက်နည်းလေး တင်ပြပေးပါမယ်။ ပုန်းရည်ကြီးရဲ့ ချဉ်ဆိမ့်ဆိမ့် အရသာနဲ့ ဝက်သားနဲ့ ပေါင်းချက်လိုက်တော့ အနံ့အရသာ ပြောဖို့မလိုအောင် ပြည့်စုံလှတဲ့ ဝက်ပုန်းရည်ကြီး အိုးကြီးနှပ်လေးပါ။
အရင်ဆုံး လိုအပ်တာလေးတွေ စပြီး ပြင်ဆင်ရအောင်။
လိုအပ်တာတွေကတော့
ဝက်ပေါင်သား ၅၀သား (အနေတော် လှီး ၊ဆားဆနွင်း နယ်ထား)




ပုန်းရည်ကြီး ၅ထုပ်
ပဲဆီ ၅ကျပ်သား
ကြက်သွန်ဖြူ /နီ အနည်းငယ်
အရောင်တင်မှုန့် အနည်းငယ်
ကိုင်းခရမ်းချဉ်သီး အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။




ဟင်းချက်ဖို့အတွက် ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင်တော့ အရင်ဆုံး ကြက်သွန်ဖြူနီ အရောင်တင် ကို ညက်နေအောင် ထောင်းပြီး ဝက်သားနဲ့ နယ်ပါ။




ခရမ်းချဉ်သီးကို ပါးပါးညှပ်ထည့် နယ်ပါ။ ပုန်းရည်ကြီး ပါ တစ်ခါတည်း ရောနယ်ပါ။ ဒီလို နယ်လိုက်တာကြောင့် အရသာတွေ အကုန်လုံး ဝက်သားထဲ စိမ့်ဝင် သွားစေပါတယ်။




ပြီးရင်တော့ ဒန်အိုးထဲ ထည့်ပါ။ ဆီထည့်ပြီး မီးသွေးမီးဖိုပေါ် တင်ပြီး တည်ထားပါ။ စ ချက်ခါစမှာ ရေမထည့်ရပါဘူး၊ အသားက ပါလာတဲ့ အရည်နဲ့ ဆီလေးနဲ့ သူ့ဖာသာသူ အနံ့ပျောက်အောင် တည်ထားရုံပါပဲ။




ရေအနည်းငယ်ခမ်းပြီး ဆီပြန်လာအောင်ထားပါ။
ဆီပြန်လာပြီဆိုရင်တော့ ဝက်သားမြှုပ်တဲ့အထိ ရေထည့်ပါ။




မီးအေးအေးနဲ့ အဖုံးအုပ်ပြီး ချက်ပါ။ ဆီပြန်လာရင်တော့ ဝက်သားထဲ ပုန်းရည်ကြီး အရသာစိမ့်ဝင်နေတဲ့ ဝက်ပုန်းရည်ကြီး အိုးကြီးနှပ်လေးရပါပြီ။




အညာဒေသရဲ့ အရသာအပြည့်အဝရစေမယ့် ဝက်ပုန်းရည်ကြီး အိုးကြီးနှပ်ကို ချက်ပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ ထမင်းမြိန်မြိန်စားလို့ ရပါပြီ။




Credit