အီကြာကွေး လုပ်နည်

Food

အီကြာကွေး လုပ်နည်း
(Instagram-isaprilbeyond 🤍)

အီကြာကွေးကို yeast နဲ့လုပ်နည်းနဲ့ baking powder/soda နဲ့လုပ်နည်းနှစ်မျိုးလုံး စမ်းဖူးပါတယ်
April ကတော့ baking powder သုံးတဲ့နည်းလေးကို ပိုကြိုက်ပါတယ်ရှင့်

Yeast နဲ့လုပ်ရင် အီကြာကွေးထက် ဒိုးနပ်အရသာနဲ့ ပိုဆင်ပါတယ် ပြီးတော့ ကြာရင်မာသွားရော
အခု April ပြောပြမယ့် နည်းလေးကတော့ ပွပွလေးနဲ့ ကြာလည်းမာမသွားဘဲ ဆိုင်ဝယ် အီကြာကွေးနဲ့ တော်တော်လေး တူပါတယ်နော်❤️
သတိထားရမယ့် အချက်လေးတွေပါ ထည့်ရေးပေးထားပါတယ်❗️

ပါဝင်ပစ္စည်းများ
၁။ဘက်စုံသုံးဂျုံ-၃၀၀ ဂရမ်
၂။ဆား-လက်ဖက်စားဇွန်း ၁ ဇွန်း
၃။baking powder-လက်ဖက်စားဇွန်း ၂ ဇွန်း
၄။baking soda-လက်ဖက်စားဇွန်း တစ်ဝက်
၅။သကြား-ထမင်းစားဇွန်း ၁ ဇွန်း
၆။ကြက် ဥ – ၁လုံး
၇။ဆီ-ထမင်းစားဇွန်း ၁ ဇွန်း
၈။ရေအေး-၁၃၀ မီလီလီတာ

ပြုလုပ်နည်း
ရေအေးမှလွဲ၍ ကျန်ပါဝင်ပစ္စည်းတွေကို နှံ့အောင်မွှေပါ
ရေအေးကို ဖြည်းဖြည်းချင်းထည့်ပြီး တူလေးနဲ့ အရင်မွှေပေးပါ ပြီးမှ လက်သီးလေးနဲ့ ထိုးထိုးပြီး ၃ မိနစ်ခန့်နယ်ပေးပါ(အကြာကြီးမနယ်ပါနဲ့နော် အနယ်လွန်ရင် မပွတော့ပါဘူး)
ပြီးရင် အပေါ်က အုပ်ပြီး နာရီဝက် နှပ်ထားပါ

နာရီဝက်ပြည့်ရင် ၁ မိနစ်လောက်ထပ်နယ်ပါ
ပြီးရင် ခွက်တစ်ခုမှာ ဆီသုတ်ပြီးထည့် အပေါ်ကလေလုံအောင်ဖုံးပြီး အခန်းအပူချိန်မှာ ၂ နာရီ (သို့) ရေခဲသေတ္တာထဲမှာ တစ်ညနှပ်ထားပါ

ရေခဲသေတ္တာထဲထည့်ရင် မကြော်ခင် တစ်နာရီလောက် အပြင်ကြိုထုတ်ထားပေးပါနှပ်ထားတဲ့မုန့်သားကို လက်မဝက်အထူလောက်ဖြစ်အောင် ပြားပါပြီးရင် အချောင်းလေးတွေ ဖြတ်ပြီး အရမ်းရှည်ရင် နှစ်ပိုင်းပြန်ပိုင်းပါ(အရွယ်အစားကတော့ ကြိုက်သလို ချိန်လို့ရပါတယ်နော်😉)အချောင်းလေးနှစ်ချောင်းကို ပူးပြီး အလယ်က အကင်တံလေးနဲ့ အရာပေးပါမယ်

ပူးထားတဲ့ အချောင်းလေးတွေကို ထိပ်နှစ်ဖက် သာသာလေးဆွဲပြီး ဆီပူပူမှာ ကြော်ပါ(မီးအရမ်းအေးရင် မပွတော့ပါဘူး အဲ့ဒါကြောင့် မီးအလယ်ကျော်ကျော် လောက်နဲ့ထားကြော်ပေးပါ)

အိုးထဲ ၅ စက္ကန့်လောက်နေရင် အီကြာကွေးကို ဟိုဘက်ဒီဘက် မကြာခဏ လှိမ့်ကြော်ပေးပါ(အဲ့ဒါမှ ဖောင်းဖောင်းညီညီလေးရမှာပါ)ရွှေအိုရောင်လေး သမ်းလာတဲ့အထိ ကြော်ပေးပါ

အိမ်လုပ် အီကြာကွေးလေး ရပါပြီရှင် *

#aprilbeyond
#recipesbeyondapril
#အီကြာကွေး#youtiao

Leave a Reply

Your email address will not be published.