ဂျုံခေါက်ဆွဲသုပ်နည်းလေး

Food

မုံရွာဒေသဘက်မှာ သုပ်စားကြတဲ့ ဂျုံခေါက်ဆွဲသုပ်နည်းလေးကို ဟင်းချက်ဝါသနာရှင်တွေအတွက် မျှဝေချင်ပါတယ်။

မုံရွာဘက်မှာတော့ ခေါက်ဆွဲသုပ်ဆိုရင် ပဲမှုန့်နဲ့မသုပ်ဘဲ ကြာညှိ့နဲ့ သုပ်စားလေ့ရှိပါတယ်။

ခေါက်ဆွဲဖတ်ကိုတော့ မုံရွာမှာဆိုရင် ဂျုံခေါက်ဆွဲ အလုံးနဲ့ အပြားအဖတ်ဆိုပြီး အသင့်စားခေါက်ဆွဲဖတ်တွေရောင်းပါတယ်။

ဒါပေမဲ့ အခုတင်ပြမည့် ခေါက်ဆွဲသုပ်မှာတော့ ခေါက်ဆွဲခြောက်ကို အသုံးပြုသွားမှာဖြစ်ပါတယ်နော်။ခေါက်ဆွဲသုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့ –

ခေါက်ဆွဲခြောက် ၃ ပုံ ၁ ပုံခန့်(ခေါက်ဆွဲအစည်းကို ပြုတ်ရတာမို့လို့ပါ မိမိမိသားစု အနည်းအများပေါ်မူတည်ပြီး ခေါက်ဆွဲကို ချိန်ဆပြီး လုပ်ပါ)။

👉 ဗမာကြက်သား(အရိုး၊ အသား၊ အသဲအမြစ်) စုစုပေါင်း ၁၀ သားခန့်

👉 ပဲပင်ပေါက် ၅ ကျပ်သား

👉 ကြက်သွန်နီ (၃)လုံး(အနေတော်အရွယ်)

👉 ကြက်သွန်ဖြူ (ဗမာဖြူ အမွှာကြီး) ၅မွှာ

👉 နံနံပင် ၊ ကြက်သွန်မြိတ် (၃) ပင်စီ

👉 ဂျင်း လက်တစ်ဆစ်ခန့်

👉 ဆီ ဟင်းစားဇွန်း(၅)ဇွန်းခန့်

👉 ငရုတ်သီးအရောင်တင်မှုန့် ဟင်းစားဇွန်း (၃)ဇွန်း

👉 ကြာညှိ့ ဟင်းစားဇွန်း(၂)ဇွန်း

👉 ဆားအနည်းငယ်

👉 အချိုမှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်။

✅ ကြက်သားကို ရေဆေးပြီး ကြက်သား အသားနှင့် အသဲ၊အမြစ်များကို ဂျင်း၊ ကြက်သွန်ဖြူ(၂)မွှာ၊ ကြက်သွန်နီတစ်ခြမ်း၊ ငရုတ်သီးအရောင်တင်မှုန့် ဟင်းစားဇွန်းတစ်ဝက်ခန့်၊ ဆားအနည်းငယ်၊ ဟင်းချိုမှုန့် အနည်းငယ်တို့ထည့်ပြီး နှံအောင်နယ်ပါ။

✅ ထို့နောက် ဆီ ဟင်းစားဇွန်း(၁)ဇွန်းခန့်ထည့်ပြီး ဟင်းအိုးတည်ထားပါ။ ဆီပြန်ပါက ရေအေး(၃)ဖန်ခွက်ခန့်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကြက်သားဟင်းချက်ထားပါ။

✅ ကြက်ရိုးများကို ရေဆေးပြီး ဆားအနည်းငယ်ထည့်ပြီး ရေဖန်ခွက်(၃)ခွက်ခန့်ထည့်ပြီး မိနစ်(၃၀)ခန့် ပြုတ်ထားပါ။

✅ ခေါက်ဆွဲခြောက်ကို ရေနွေးဆူဆူတွင် အချိန်(၁၀)မိနစ်ခန့် ပြုတ်ပြီး အပျော့ အမာ မြည်းစမ်းကြည့်ပြီး ခေါက်ဆွဲသား အနေတော်ဖြစ်ပါက ဇကာတစ်ခုထဲသို့ ခေါက်ဆွဲများ လောင်းထည့်ပြီး ရေအေးနဲ့ ဆေးပါ။

✅ ရေစစ်ထားပြီး ရေစစ်ပါက ခေါက်ဆွဲကို ဆီအနည်းငယ်လောင်းပြီး နှံအောင် ဖွထားပါ။( ခေါက်ဆွဲကိုဆီသုတ်ထားခြင်းဖြင့် အရသာကို ပိုပြီး စိမ့်သလို ခေါက်ဆွဲသားများ ခဲနေခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်)

✅ရေနွေးဆူဆူတွင် ပဲပင်ပေါက် ပြုတ်ပါ။ ပဲပင်ပေါက်များ နူးအိပါက ဇကာတစ်ခုထဲသို့ လောင်းထည့်ပြီး ရေအေးဖြင့် ဆေးပြီး စစ်ထားပါ။

✅ ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးပြီး ရေနဲ့ နယ်ဆေးပြီး ဇကာထဲမှာစစ်ထားပါ။ နံနံပင်၊ ကြက်သွန်မြိတ်တို့ကို ရေဆေးပြီး ပါးပါးလှီးထားပါ။ကြက်သွန်ဖြူကို အခွံနွာပြီး မညက်တညက် ထောင်းထားပါ။

✅ ခေါက်ဆွဲသုပ်နဲ့ ဟင်းချိုထဲမှာထည့်ဖို့ မုန့်ကြွပ်အတွက် ပြုတ်ထားတဲ့ ခေါက်ဆွဲ လက်တစ်ဆုပ်စာခန့်ကို ဆီပူပူမှာ ထည့်ပြီး ကြွပ်အောင် ကြော်ပါ။ ထို့နောက် ဆီစစ်ထားပါ။

✅ ခေါက်ဆွဲဖတ် ကြော်ထားတဲ့ ဆီပူထဲသို့ ငရုတ်သီးအရောင်တင်ထည့်ပြီး ဆီအနီ ချက်ထားပါ။

‼️(ငရုတ်သီးဆီချက်ရာမှာ မီးပြင်းရင် ငရုတ်သီးတူးပြီး အရောင်မလှတော့တာမို့ ဆီပူနေတယ်ဆိုရင် မီးဖိုမဖွင့်ပါနဲ့။ ငရုတ်သီးထည့်ပြီး ဆီနဲ့ ငရုတ်သီးရောထွေးသွားတာကြည့်ပြီးမှ မီးဖွင့်ဖို့လိုရင် ခဏဖွင့်ပြီး ဆီချက်ပါနော်)😊

ကြက်သားဟင်း 🍗🍗ချက်ထားတာလည်း အသင့်ဖြစ်ပြီဆိုရင် ခေါက်ဆွဲသုပ်လို့ရပါပြီ။

✳️ ခေါက်ဆွဲသုပ် သုပ်မည့်ပန်းကန်ထဲမှာ ခေါက်ဆွဲ၊ ကြက်သွန်ဖြူထောင်းအနည်းငယ်၊ ပြုတ်ထားတဲ့ ပဲပင်ပေါက်၊ လှီးထားတဲ့ ကြက်သွန်နီ၊ နံနံပင်၊ ကြာညှို့၊ ဆား၊ အချိုမှုန့်၊ ကြက်သားဟင်းရည်နှင့် ကြက်အသဲ၊ အမြစ်တို့ကို ခပ်ပါးပါးလှီးပြီး ထည့်ကာ ငရုတ်သီးဆီချက်တို့ထည့်၍ နှံ့စပ်အောင်နယ်ပါ။

✳️ ခေါက်ဆွဲသုပ်အရသာ မြည်းစမ်းကြည့်ပြီး အရသာအနေအထား အဆင်ပြေပါက ခေါက်ဆွဲဖတ်ကြော်ထားတဲ့ မုန့်ကြွပ်များကို အပေါ်မှ ချေပြီး ဖြူးပေးပါ။

✳️ ကြက်ရိုးဟင်းချိုထဲသို့ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းနဲ့ ခေါက်ဆွဲဖတ်မုန့်ကြွပ်၊ ဆားအနည်းငယ်တို့ထည့်ပြီး ဟင်းချိုအနေဖြင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။

အချဉ်အနေနဲ့တော့ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အလွယ်တကူရနိုင်တဲ့ 🍋 သံပုရာသီးအစိမ်း လတ်ဆတ်တာလေးကို သေးသေးပါးပါးလေးတွေလှီးပြီးတော့ စားကြည့်လိုက်ပါနော်။ 😋

မကြာခင် ပိတ်ရက်တွေအများကြီးပဲဆိုတော့ မုံရွာခေါက်ဆွဲသုပ်လေး သုပ်စားကြည့်ပြီး ခံတွင်းတွေ့ မတွေ့ပြန်ပြောပေးကြအုံးနော်​ 🤩

#ခေါကျဆှဲသုပျမူးရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်

Leave a Reply

Your email address will not be published.