ထိုးမုန့် လုပ်နည်းလေး

Food

ထိုးမုန့် လုပ်နည်းလေး
================

စတုဒီသာ ကုသိုလ်လုပ်ဖြစ်လို့ တင်ပေးခြင်းဖြစ်ပါတယ်

ပါဝင်ပစ္စည်း ကောက်ညှင်းဆန်(2)ပြည်ကြိတ်ထားတဲ့ ကောက်ညှင်းမှုန့် –
ပဲဆီ အသန့်(1)ပိသာ
သကြား(2)ပိသာ
ကျောက်ဖရုံယို (50)သား


သီဟိုစေ့ (2000)ဖိုး
စပျစ်စေ့ (2000)ဖိုး
ဘိန်းစေ့ (1000)ဖိုး
ထောပတ်ဆီ(ကောင်းပြီးသန့်တာ)(10)သား
ရေအနည်းငယ်

ပုံထဲမှာတော့ ရောင်စုံသီးစုံစေ့တွေပါပေမဲ့ ကျွန်မက Colour တွေများနေလို့ မထည့်ဖြစ်ပါ ကြိုက်ရင်ထည့်နိုင်ပါတယ်နော်

အုန်းသီးအနေတော်(2)လုံးကို အောက်ကမည်းမည်းအခွံတွေမပါဘဲ အထဲကအဆံဖြူဖြူလေးတွေရအောင် ခြစ်၍ ဆီသန့်ဖြင့် ရွှေဝါရောင်သန်းသည်ထိ စိတ်ရှည်ရှည်မွှေပြီး မီးအေးအေးနဲ့ကြော်ထားပါ ။


မကျွမ်းပါစေနဲ့

ပထမဆုံး ကောက်ညှင်းမှုန့်တွေကို နယ်ဖို့ရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဒန်အိုးအကြီးကြီးတစ်လုံး လိုပါတယ်

ကော်ညှင်းမှုန့်တွေကို မုန့်လုပ်ရင် နယ်သလို ဥပမာ( မုန့်လုံးရေပေါ်လုပ်ဖို့ နယ်သလိုမျိုး)ရေလိုသလိုထည့်ထည့်ပြီး နယ်ပေးပါရှင့် ရေမများပါစေနဲ့နော်

အရမ်းလည်း မပျော့ အရမ်းလည်းမမာ အနေအထားလေးပေါ့ မုန့်သားနယ်ပြီး ခဏနှပ်ထားချိန်မှာ တခြား အရာတွေ ထိုးမဲ့ မီးဖိုကအ စ ပြင်ဆင်ထားပါ

ဖြိုးကတော့ အိမ်နီးချင်းတွေ လှည့်ဝေ စတုဒီသာ ကျွေးမှာမို့ (2)ပြည်ထိုးတဲ့အတွက် အိမ်မှာရှိတဲ့ ဘာမီးဖိုနဲ့မှ အဆင်မပြေနိုင်တာမို့ ကွင်းပြင်ထွက် ထင်းမီးဖိုပြီး အားသန်တဲ့ယောကျား (2)ယောက် အကူအညီတောင်းပြီး ထိုးခိုင်းရတယ်ပေါ့နော်

ပထမအဆင့် မုန့်နယ်လို့ပြီးရင် ဒုတိယအဆင့်
အနေနဲ့ ထိုးမုန့်ထိုးဖို့ပြင်ရမယ်


ထိုးမုန့်ထိုးရမဲ့ အဓိ က ပါဝင်ပစ္စည်းတွေရဲ့ အချိုးလေး ပြောပြမယ်နော်

ကောက်ညှင်း(1)ပြည်ဆို သကြားက (1)ပိသာပါ
ကောက်ညှင်း(1)ပြည်ကို ပဲဆီအသန့်က (50)သားပါ
ထိုးမုန့်ထိုးရင် ဆီကို ပဲဆီအသန့်သာ သုံးပါ တခြားဆီ သုံးမယ်ဆိုရင် ဥပမာ (နှမ်းဆီ သုံးတယ်ဆိုပါတော့ အမြှပ်တွေထွက်ပြီး ထိုးတဲ့နေရာမှာ အဆင်မပြေနိုင်ပါဘူးရှင့်)

တတိယအဆင့်
ခပ်ကျယ်ကျယ်ဒယ်အိုး ထိုးမုန့်ထိုးတဲ့အခါ ကျယ်ကျယ်ဝန်းဝန်းထိုးလို့ အဆင်ပြေမဲ့အိုးထဲကို နှစ်ပြည်ထိုးမှာဆိုတော့ ပဲဆီ(1)ပိသာထည့်ပါ

ဆီပူလာရင် ခုနနယ်ထားတဲ့ မုန်သားတွေ ဆီတွေလူဆီပြန်မစင်အောင် အသာလေးထည့်ပေးပါ(ဆီပူလောင်တတ်လို့)

ဆီနဲ့ကြော်သလို မုန့်သားတွေကို အထက်အောက်လှန်လှန်ပြီး နယ်ထိုး ထိုးပေးနေပါ ဒီနေရာမှာ သကြား(2)ပိသာ တခါတည်းထည့်ထိုးပါရှင်

အောက်မှာပုံပါပါတယ် ပထမပုံလို မုန့်သားတွေ အစိလေးတွေ ဥပြီး ဖြစ်လာပါလိမ့်မယ်ဆက်ဆက်ပြီး ပုံမှန်ထိုးပေးနေပါ နောက်တဖြည်းဖြည်းနဲ့ ဆီခမ်းသွားပါလိမ့်မယ်

မုန့်သားတွေမာတင်းလာပြီး ဆီတွေလည်းခမ်းလာပြီဆိုရင် ထိုးရသူ အရမ်းပင်ပန်းပါတယ် နှစ်ယောက်သား တတ်ညီလက်ညီ အဆက်မပြတ် အထက်အောက်ရော ဘေးဘက်ရောနှံအောင် မွှေပြီးထိုးနေရပါပြီ

မုန့်သားခပ်တင်းတင်းအခြေအနေမှာ ထောပတ်ဆီ ကောင်းသန့်ပြီးမွှေးနေတာ (10)သားထည့် ကျောက်ဖရုံယိုကတ်ကြေးနဲ့ညှပ်ထည့် စပျစ်စေ့ထည့် သီဟိုစေ့ကိုတော့

နောက်မှ မညက်တညက်ထောင်းပြီး ထိုးမုန့်အပေါ်ကဖြူးစားလည်းရ ကျွန်မကတော့ တခါတည်းထည့်လိုက်ပါတယ် အိမ်စားဖို့ဆိုရင်တော့ နောက်မှဖြူးစားပါ

အားလုံး ပါဝင်ပစ္စည်းတွေထည့်ပြီး မုန့်မာခပ်တွဲတွဲ အနေအထားဆို ရပါပြီရှင့်

ဒီအချိန်မှာ ဖြန့်ခင်းမဲ့ဗန်းကို အစကတည် းက အဆင်သင့်လုပ်ထားပါ ငှက်ပျောဖတ်ကို သန့်စင်အောင် သုပ်ပြီးမှ အပေါ်မှ ကြွေပုံဂံ ပူနေချိန်မှာ ဖြိုးကတော့ လက်နဲ့မဖိနိုင်တာမို့ ကြွေပုံဂံတချပ်နဲ့ ဖိဖိပြီး ဖြန့်ခင်းလိုက်တယ်

ဒီပူနေတဲ့အချိန်မှာဘဲ တခါတည်း ဘိန်းစေ့ကို နေရာအနှံလိုက်ပြီး ဖြန့်ပေးပါရှင် ဒီအချိန်မှာ ကတ်ကြေးနဲ့ညှပ်လို့ မရသေးပါဘူးနော်အနည်းဆုံး (5)နာရီလောက် အအေးခံထားပါ
(5)နာရီလောက်နေရင်တော့ အိစက်ပြီးအရသာရှိလှတဲ့ ထိုးမုန့်လေးကိုညှပ် အပေါ်က အုန်းသီးဆံခြစ်ကြော်တာလေး ဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင့်

အုန်းဆံကြော်ကို စားခါနီးမှ ဖြူးစားတာက ပိုကောင်းပါတယ်ရှင့် ဒီထိုးမုန့်ထိုးနည်းက တပတ် ဆယ်ရက်ထားစားလို့ရပါတယ် ရက်ကြာလို့အိစက်မနေဘဲ မာသွားတာကလွဲရင်ပေါ့

အုန်းဆံကြော်ကို တခါတည်းဖြူးထည့်လိုက်လို့ ရက်ကြာသွားရင်တော့ ဆီချေးနံ နံတတ်ပါတယ်ရှင့်
ကဲ…အိမ်မှာ အပျင်းပြေ လုပ်စားကြည့်ကြနော်

ဖြိုးလက်ရာထိုးမုန့်ထိုးနည်း

(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်
Credit to original uploader

Leave a Reply

Your email address will not be published.