အကျဉ်းသားဘ၀ဖြင့် တက္ကသိုလ်ဝင်တန်းကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီး ပြန်လည်လွတ်မြောက်လာသူ လူငယ်လေးတဦး ဖြစ်ရပ်မှန်
သူ့နာမည်က ဥာဏ်လင်းအောင်။ ညီအစ်ကို သုံးယောက်ထဲမှာ အကြီးဆုံးသား။ ဆယ်တန်းတနှစ်ကျပြီး အပေါင်းအသင်းတွေနှင့်လေလွင့်နေသူ။ အဖမ်းခံရစဉ်က သူ့အသက် ၁၉ နှစ်ထဲဝင်ခါစပင် ရှိသေးသည်။ ထိုနေ့က သူတို့လုပ်ခဲ့သော လုပ်ရပ်သည် ဒီလောက်အထိ ဖြစ်လာမည်ဟု သူမသိခဲ့။




”ပထမတော့ အပျော်ပဲ။ နောက်တော့ ပျက်လာတယ်။ ၂၀၁၄၊ ၁၁ လပိုင်း၊ ၉ ရက်မှာ အဖမ်းခံရတယ်။ ပုဒ်မက ၃၉၅၊ ၃၉၂၊ ၃၉၁ သုံးခုပေါင်းနဲ့ ၆ နှစ် ၄ လဆိုပြီး အမိန့်ချတယ်။ ၃၉၅ ဆိုတာ ဓားပြမှု ဒီလောက်အထိ ဖြစ်လာမယ်လို့လည်း ကျွန်တော်မထင်ဘူး။ သူငယ်ချင်းတွေနဲ့ အပျော်အပါးလုပ်တယ်။ အဲဒီအတွက် ပိုက်ဆံလိုတာနဲ့ သူငယ်ချင်း ၅ ယောက်ပေါင်းပြီး Taxi သမားဆီက လုတယ်။
အဲဒီနေ့က ကန်ပေါင်ကနေ Taxi တစီးငှားပြီး သင်္ဃန်းကျွန်း၊ မိကျောင်းကန်အပိုင်း(၃)အရောက်မှာ ၀ိုင်းလုတယ်။ တယောက် ကချုပ်၊ ကျန်လေးယောက်က ကားသမားမှာပါလာတဲ့ ပိုက်ဆံကို ရှာတယ်။ ဒါပေမဲ့ ဘာမှမရတဲ့အပြင် ရပ်ကွက်က ၀ိုင်းဖမ်းတာခံလိုက်ရတယ်”ထိုနေ့က သူတို့ကံဆိုးသွားသည်။




Taxi သမားသည် ကားစထွက်လာသည့်အတွက် ငွေများများမရှိပါ။ ကံဆိုးချင်တော့ သူတို့လုသည့်နေရာအနီးသို့ အခြားကားနှစ်စီးရောက်လာသည်။ ကားသမားက အော်ဟစ်ပြီး အကူအညီတောင်းသည်။ သူတို့ထွက်ပြေးရသည်။ ရပ်ကွက်က ၀ိုင်းဖမ်းခြင်းကိုခံရသည်။နောက် ပိုပြီးကံဆိုးချင်တော့ ဥပဒေအရ ၅ ယောက် သို့မဟုတ် ၅ ယောက်အထက်ဆိုလျှင် ဓားပြမှုဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
”ထောင်ထဲရောက်တော့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် လုပ်ရတယ်။ အချိန်ရဲ့တန်ဖိုးကို သိလာတယ်။ ကိုယ့်ကိုပေးတဲ့ တာဝန်ကိုကြိုးစားပြီး လုပ်တယ်။ နောက်ပိုင်းအဆောင်မှူးရုံးခန်းမှာ စာရေးဖြစ်လာတယ်။ အဲလိုနေရင်းနဲ့ ၂၀၁၆-၂၀၁၇ မှာ ဂုဏ်ထူးတဘာသာနဲ့ တယောက်အောင်တာတွေ့တော့ အားကျမိတယ်ျ။




ဒါဆို ငါလည်း ပြန်ဖြေမယ်လို့ စိတ်ကဖြစ်တယ်။ ထောင်မှူးကို ကျွန်တော်ဆယ်တန်းပြန် ဖြေချင်တယ် ရမလားမေးတော့ ရတယ်ဆိုတာနဲ့ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ ကျောင်းတက်ခွင့်ရတယ်”အင်းစိန်ဗဟိုအကျဉ်းထောင်ထဲရှိကျောင်းတွင် ကျောင်းသားအဖြစ် သူစတက်စဉ်က စစချင်း၌ သူနှင့်အတူ ကျောင်းသား ၂၃ ယောက်ရှိသည်
နောက်ပိုင်း ထပ်ထပ်ရောက်လာသူများနှင့် ၃၄ ယောက်အထိ ရှိလာသည်။ ထိုအထဲတွင် မိန်းကလေးတယောက်လည်းပါသည်။ အောင်စာရင်းထွက်တော့ ၁၉ ယောက် အောင်သည်။ ဂုဏ်ထူးရကျောင်းသား ၆ ယောက်ရှိသည်။”ကျွန်တော် ၃ နှစ်နဲ့ ၉ လကြာခဲ့တယ်။ ဆယ်တန်းပြန်ဖြေမယ်ဆိုပြီး ကြိုးစားချင်စိတ်ရှိလာချိန်၊ နောင်တရလာတဲ့အချိန်မှာ ပထမဆုံးပြေးမြင်တာက အေ




အမေက ကျွန်တော့်အတွက် အရမ်းပင်ပန်းခဲ့ တယ်။ အမေစိတ်ချမ်းသာအောင် တခါမှ ကျွန်တော် မဖြစ်ခဲ့ဘူး။ ကျွန်တော့်ပုဒ်မကလည်း ရာဇသတ်ကြီးပုဒ်မနဲ့ဆိုတော့ အမေလည်း မျက်နှာအရမ်းငယ်ရတယ်။ အဲဒီတော့ အမေစိတ်ချမ်းသာဖို့၊ ကျွန်တော်ကြောင့် ကျခဲ့တဲ့ ဂုဏ်ကိုပြန်ရဖို့ပဲ ဦးတည်ပြီး ကြိုးစားခဲ့တာပါ။




ဆယ်တန်းအောင်ရင် လွတ်လပ်ခွင့်ရနိုင်မယ်ဆိုတာတော့ အစကတည်းက သိတယ်။ ဒါပေမဲ့ တရားဝင်ပြောထားတာမျိုးတော့ မဟုတ်ဘူး။ မဟုတ်ပေမဲ့ အဲဒါကလည်း ကြိုးစားချင်စိတ်ကို တွန်းအားပေးတယ်လို့ ထင်တယ်။ ဆရာတွေကလည်း ပြောတယ်။ မင်းတို့ကို ဒီလိုစာသင်နိုင်တဲ့ အခွင့်အရေးပေးထားတယ်။
ဒီအခွင့်အရေးကိုယူတတ်ရင် မင်းတို့ဘ၀ကောင်းသွားမယ်ဆိုတာမျိုးတော့ ပြောတယ်။ တိုက်ရိုက်ပြောတာမျိုးတော့ မရှိဘူး”အကျဉ်းသားကျောင်းသားများအတွက်ကျောင်းသည် အင်းစိန်ဗဟိုအကျဉ်းထောင်၏ ပင်မထောင်ဝင်းကြီးထဲမှာ မဟုတ်။ ထိုဝင်းကြီးဘေးရှိ သီးသန့်ထောင်ဝင်းထဲမှာ ဖြစ်၏။




အဆောင်ကိုလည်း ထိုဝင်းထဲမှာပင် စီစဉ်ထား၏။ သူတို့လိုကျောင်းသားတွေအတွက် စာကလွဲလျှင် ဘာမျှ မလုပ်ရ။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ကျက်မှတ် ဖြေဆိုခြင်းများသာ လုပ်ရ၏။ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံကအစ အားလုံးကို ထောက်ပံ့ပေးထား၏။
”သီးသန့်ထောင်ဝင်းထဲမှာ ကျောင်းဖွင့်ထားတယ်။ ဆရာတွေက အကျဉ်းသားဆရာတွေပဲ။ ကျွန်တော်တို့ ၁၀ တန်းကျောင်းသားတွေကို ပိုပြီးဂရုစိုက်တယ်။ အပြင်က ဆရာ၊ ဆရာမတွေပါ လာသင်ပေးတယ်။ ဒါပေမဲ့ အဓိကအနီးကပ်ညွှန်ကြားပေးတာကျတော့ အကျဉ်းသားဆရာတွေပါ။ ဘာကြောင့်လဲဆိုတော့ တနှစ်ပတ်လုံး ဒီဆရာတွေနဲ့အဆောင်မှာ အတူနေရတယ်။ မနက် ၅ နာရီဆိုထ၊ စာလုပ်၊ နောက် ၈ နာရီကနေ ညနေ ၄ နာရီ အထိ ကျောင်းတက်၊ ၅ နာရီကျော်လောက် ထမင်းစား၊ ၆ နာရီဆို စာပြန်လုပ်၊ ၉ နာရီအထိပဲ။ နောက် ၁၁ နာရီအထိကျတော့ ကျွန်တော်က တွက်စာတွေ လုပ်တယ်။




ကျွန်တော်တို့က ဘ၀နာပြီးတဲ့ သူတွေ။ စာကြည့်ချိန် အများကြီးရတယ်။ နောက်တခြား စိတ်လွင့်စရာကိစ္စတွေလည်း မရှိဘူးဆိုတော့ ကိုယ်ကသာ တကယ် လုပ်မယ်ဆိုရင် အောင်မြင်ဖို့ပဲရှိတယ်”
မောင်ဥာဏ်လင်းအောင်သည် ရူပ၊ ဓာတု၊ဘောဂ သုံးဘာသာတွင် ဂုဏ်ထူးရသည်။ အမှတ်ပေါင်း ၄၅၈ မှတ်ရသည်။ သူဝါသနာပါသည့် ဘာသာရပ်များအတွက် ကွန်ပျူတာတက္ကသိုလ်နှင့် GTC ၀င်ခွင့်များ လျှောက်ထား၏။




”ကျွန်တော်တို့ မှားခဲ့ပြီးပြီ။ မှားခဲ့တာကို မှားမှန်းသိဖို့ပဲ လိုတာပါ။ အခု ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် လွတ်လာသလို သူငယ်ချင်းတွေကိုလည်း လွတ်စေချင်တယ်။ စိတ်မကောင်းအဖြစ်ဆုံးကတော့ ကျွန်တော်တို့ အားလုံးကို သားသမီးလို ပြောဆိုဆုံးမသင်ကြားပေးခဲ့တဲ့ ကျောင်းအုပ်ကြီးပဲ။ သူလည်း ကြာနေပါပြီ။ သူ့ကို လွှတ်စေချင်ပါတယ်။




သူ့အတွက် စဉ်းစားပြီး အခွင့်အရေးပေးစေချင်တာပါပဲ။ နောက်တခုက အခုလို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေ၊ ပညာဆက်သင်နိုင်အောင် စီစဉ်ပေးတဲ့ အကျဉ်းဦးစီးဌာနနဲ့ ထောက်ပံ့မှုပေးခဲ့တဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်မိပါတယ်”




မောင်ဥာဏ်လင်းအောင်သည် အမှောင်မှအလင်းသို့ ပြန်ရောက်နေပါပြီ။ တက္ကသိုလ်ဝင်တန်းကို ယခုကဲ့သို့ ထူးချွန်စွာအောင်မြင်ရုံမျှမက သူစိတ်ဝင်စားသည့် ဘာသာစကားသင်ကြားမှုကိုလည်း လုပ်ခဲ့ပါသေးသည်။ ထိုအကျဉ်းထောင်ထဲမှာပင် ကိုရီးယားဘာသာ အရေး၊ အပြော၊ အဖတ်များကို အဆင့်တော်တော်ရောက်အောင်လည်း လုပ်နိုင်ခဲ့ပါပြီ။သို့သော်လည်း ပညာဆုံးခန်းတိုင်ရေးမှာ ထင်သလောက်တော့ မလွယ်ကူသေးပါ။ ငွေရေးကြေးရေး အခက်အခဲက ရှိနေပါသေးသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသည် ရင့်ကျက်မှုနှင့်အတူ အနာဂတ်ကို ကျော်ဖြတ်သွားပါလိမ့်မည်။
မင်းဇာနည်
Crd