သာကူဟာလဝါလုပ်နည်း

Food

သာကူဟာလဝါ

သာကူဟာလဝါလေးလုပ်ပြီးကျွေးကြည့်တာ စားကြည့်တဲ့သူတိုင်းကောင်းတယ်ပြောကြတော့ အရမ်းပျော်သွားတာပေါ့။ အဲ့ဒီထဲကမှ ဂျီးများသော အိစံရဲ့အမျိုးသားက အရမ်းကြိုက်ဆိုတော့ ပိုလို့တောင်ပျော်သေးတယ်။ သားငယ်လေးလဲ အရမ်းစားပဲ။


အခုလုပ်နည်းလေးမှာ ဘိန်းစေ့ကို အပေါ်ကဖြူးထားတာပါ။ ရောင်းမယ်ဆိုရင်တော့ ဘိန်းစေ့လေးအပေါ်ကဖြူးတာလှပေမယ့် ဘိန်းစေ့ကို သာကူကြိုပြီးရခါနီးထည့်ရင်ပိုစားကောင်းပါတယ်။ လုပ်ကြည့်ရအောင်နော်။


ပါဝင်သောပစ္စည်းများ
၁။ အသေးဆုံး သာကူစေ့ – ၄၀၀ ဂရမ် (သို့) ၂ ခွက်ခွဲ
၂။ ရေ – ၃ ခွက် (သို့) ၇၂၀ မီလီလီတာ ml
၃။ အုန်းနို့- ၄၀၀ ml
၄။ နွားနို့- ၄၀၀ ml
၅။ သကြား – ထမင်းစားဇွန်း ၁၀ ဇွန်း
၆။ ညောင်စေးကျအောင်ကျိုထားသော ကြံသကာရည် –


၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း (ကြံသကာကိုအရောင်ရင့်ရင့်လေးဟာသုံးရင် အရောင်ပိုလှပါတယ်။)
၇။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ ထောပတ် – ထမင်းစားဇွန်း ၁၀ ဇွန်း
၉။ ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
၁၀။ ဘိန်းစေ့ – ထမင်းစားဇွန်း ၃ ဇွန်း
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)


ပြုလုပ်နည်း
၁။ သာကူစေ့ကိုရေဆေးပြီးရေစစ်ထားပါ။
၂။ အိုးကြီးကြီးတခုထဲမှာ ရေ၊ အုန်းနို့၊နွားနို့၊ဆား၊ ဆီတို့ကိုထည့်ပြီးပွက်လာအောင်တည်ပါ။ ပွက်လာလျှင် သာကူကိုထည့်ရ်ျ အဆက်မပျက်မွှေပေးပါ။
၃။ မွှေနေပြီး ၃ မိနစ်လောက်နေလျှင် သကြား၊ ကြံသကာရည်တို့ကိုထည့်ပါ။ ထို့နောက်ထောပတ်ကိုထည့်ပြီး အဆက်မပျက် ဆီပြန်လာသည်အထိမွှေပေးပါ။


၄။ ဆီပြန်လာလျှင် ဘိန်းစေ့ကိုထည့်မွှေပါ။ (ဘိန်းစေ့ကိုအပေါ်ကဖြူးမည်ဆိုလျှင်တော့ နောက်ဆုံးဘန်းထဲကိုထည့်ပြီးမှအပေါ်ကဖြူးပါ။) ရေမကျန်တော့ပဲ ဆီပြန်ပြီးလုံးလာလျှင် မီးဖိုပေါ်မှချရ်ျ ဘန်းထဲထည့်အအေးခံပါ။ (Comment မှာ video နဲ့ပြထားပါတယ်။)
၅။ အေးသွားလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးရ်ျ သုံးဆောင်နိုင်ပါပြီရှင်။


credit

Leave a Reply

Your email address will not be published.