ငါးဘတ်ခေါင်းနှင့်မန်ကျည်းစိမ်းရည်အချဉ်ချက်နည်း

Food

မြန်မာဆန်ဆန်ဟင်းပွဲလေးတစ်ပွဲချက်ပါအုံးမယ်။


ငါးဘတ်ခေါင်းနှင့်မန်ကျည်းစိမ်းရည်အချဉ်ချက်



ငါးဘတ်ခေါင်းကြီးကြီး………..၂ခု
ကြက်သွန်နီ………………….၁လုံး
ကြက်သွန်ဖြူ………………….၅တက်
ကိုင်းခရမ်းချဉ်သီးမှည့်………… ၃လုံး
မန်ကျည်းသီးစိမ်းရင့်ရင့်……….၅တောင့်
နံနံပင်………………………..၁စည်း
ငရုတ်သီးစိမ်း………………..၅တောင့်
ကုလားအော်သီး(ခ)အာဝါးသီး.၃တောင့်


ပထမဆုံးအသားပါအောင်ခုတ်ထားတဲ့ငါးဘတ်ခေါင်းနှစ်ခုကိုရေဆေးသန့်စင်ပြီးထက်ခြမ်းပိုင်းပါ။


ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာနယ်ပြီးနှပ်ထားပေးပါ။

ထိုစဉ်အချိန်အတွင်းမန်ကျည်းသီးစိမ်းကိုရေအနည်းငယ်နှင့်ပျော်အောင်ပြုတ်ပေးပြီးအရည်လေးကိုသာစစ်ယူထားပါ။

ကြက်သွန်နီနှင့်ကြက်သွန်ဖြူ ကိုခပ်ကြမ်းကြမ်းလေးထောင်းပါ။


ကိုင်းခရမ်းချဉ်သီးမှည့် ကိုလေးစိတ်လှီးပါ။ငရုတ်သီးစိမ်းတွေကိုအညှာခြွေပြီးနံနံပင်တွေကိုသန့်စင်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားတဲ့ကြက်သွန်အရောကိုနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်တို့နှင့်ဆီသတ်ပါ။


အနည်းငယ်မွှေးလာလျှင်ကိုင်းခရမ်းချဉ်သီးတွေထည့်ပါ။(ကိုင်းခရမ်းချဉ်သီးတွေကိုကြေအောင်မမွှေရ)

ခရမ်းချဉ်သီးတွေအနည်းငယ်မွှေးလာပြီဆိုတာနှင့်အရသာနယ်ထားတဲ့ငါးဘတ်ခေါင်းနှင့်ငရုတ်သီးစိမ်းတွေကိုထည့်ပါ။

လုံးတဲ့ပုံစံဖြင့်သမသွားအောင်(၃)မိနစ်ခန့်ဖြည်းညင်းစွာမွှေပေးပါ။


ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

စစ်ထားတဲ့မန်ကျည်းသီးအစိမ်းရည်လေးကိုဘေးပတ်လည်ကနေလောင်းထည့်ပေးပါ။

မန်ကျည်းရည်ထည့်ပြီးချိန်ကစပြီးမီးရှိန်လျှော့ချပါ။အဖုံးပိတ်ထားပါ။(လုံးဝမမွှေရပါ)


(၁၀)မိနစ်ခန့်ထိုပုံစံဖြင့်နှပ်ချက်ထားပြီးမှအဖုံးဖွင့်ကာနံနံပင်တွေအုပ်ပေးပါ။

ထမင်းပူပူလေးမှာ ချို ၊ချဉ်လေးဆမ်း၊နှပ်ပြီးအချဉ်ရည်ပြည့်ဝနေတဲ့ငရုတ်သီးစိမ်းလေးတွေနဲ့နယ်ဖတ်စားရင်တော့ဖြင့်ထမင်းမြိန်စေအုံးမှာပါ။

ဟင်းချက်နည်းများ

Leave a Reply

Your email address will not be published.