မလှိုင်ရဲစခန်းတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူ မအိသန္တာအောင်ကို အချုပ်ခန်းထဲမှ ကူညီကယ်ဆယ်ခဲ့သော ရဲတပ်သား စိုးပိုင်နှင့် အကျဉ်းသူ ၂ ဦးစလုံး လွတ်မြောက်နယ်မြေ ရောက်ရှိ၊
နှစ်ဦးစလုံး ဘာမှ မတော်ဘဲ ရဲတပ်သားစိုးပိုင်က CDM လုပ်ရင်း တစ်ပါတည်း ကယ်တင်ခဲ့ခြင်းဖြစ်




ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း မလှိုင်မြို့နယ် ရဲစခန်းတွင် စစ်အုပ်စုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော မအိသန္တာအောင်ကို အချုပ်ခန်းထဲမှ ဖွင့်ထုတ် ကယ်ဆယ်ခဲ့သော ရဲတပ်သား စိုးပိုင်နှင့် မအိသန္တာအောင်တို့နှစ်ဦးစလုံး လွတ်မြောက်နယ်မြေရောက်ရှိပြီဖြစ်ကြောင်း လွတ် မြောက်ရေးကူညီပေးခဲ့သူ Kings Cobra Guerilla Force -MDYမှ ဗိုလ်မြွေပွေးက ပြောသည်။




မလှိုင်မြို့ ရပ်ကွက်ကြီး(၁)၊ နယ်မြေ(၈)တွင်နေထိုင်သည့် မအိသန္တာအောင်ကို စစ်အုပ်စုက အကြမ်းဖက်ပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ အချုပ်ခန်းမှာ ချုပ်နှောင်ထားစဉ် ရဲတပ်သား စိုးပိုင်က ဇူလိုင်လ ၁၀ ရက်နေ့ တစ်ပါတည်း ကယ်ထုတ်ကာ CDM ဝင်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




“ကျနော်တို့မဟာမိတ် ၃ဖွဲ့ထံ ဆက်သွယ်အကူညီတောင်းလို့မို့ ခက်ခက်ခဲခဲသွားရောက်ခေါ်ယူ ဖွက် ထားခဲ့ရပြီး ယနေ့မှာတော့ လွတ်မြောက်နယ်မြေကိုပို့ဆောင်နိုင်ခဲ့တာပါ။ သူ့အတွက်လည်းဂုဏ်ယူမိသလို ကျနော်တို့လို့ မြို့ပြUGတွေအတွက်လည်း လုပ်နိုင်ဘို့ခက်ခဲတယ့်အလုပ်ပါ။ သူတို့ ၂ ဦးကတော့ သမီးရည်းစားမဟုတ်ပါဘူး။




ဘာမှမတော်စပ်ပါဘူး။ လူသားချင်းစာနာစိတ်တခုနဲ့ ရဲတပ်သားစိုးပိုင်က ကယ်ခဲ့တာပေါ့ ဆက်သွယ်မှု လက်ခံရရှိပီး ၂၄နာရီအတွင်း ကယ်ထုတ်နိုင်ခဲ့တာပါ။ ရဲတပ်သား စိုးပိုင်ကလည်း CDM ဝင်ပါတယ်။ 7.62 ကျည် ၂ တောင့်ပဲ သူယူနိုင်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသူကို ကယ်ထုတ်လာတာပါ” ဟု ဗိုလ်မြွေပွေးက ပြောသည်။




CDM ရဲတပ်သား စိုးပိုင်နှင့် နိုင်ငံရေးအကျဉ်းသူကို MRRF၊ MSMF ၊ KCGF (MDY)မဟာမိတ် ၃ ဖွဲ့က ကူညီ၍ လွတ်မြောက်နယ်မြေပို့ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသည်။




















Credit – Original Writer