နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူသွားတဲ့ အညတြရဲဘော် ညီအကိုသုံးယောက်
သက်တန့် (MFP) ရေးသားထုတ်လုပ်သည်။
“မိုင်း ဖောက်ခွဲဖို့အတွက် တာဝန်ပေးတယ်ဆိုတာ တအား (အင်မတန်) စိတ်ရှည်တဲ့ သူမျိုးတွေ၊ သည်းခံတဲ့ သူမျိုးတွေ၊ ရဲရဲဝံ့ဝံ့ လုပ်ရဲကိုင်ရဲတဲ့ သူမျိုးတွေ အဲ့ဒါမျိုးတွေကို ရွေးပြီးတော့ တာဝန်ပေးထားရတာကိုး။ အဲလိုမျိုးတွေ သုံးယောက် အစုလိုက် အပြုံလိုက် ကျဆုံးသွားတာ ဆိုတော့ ကျနော်တို့အတွက် အများကြီး နစ်နာပါတယ်။




တော်လှန်ရေး အတွက်လည်း အများကြီး နစ်နာပါတယ်” ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ခံ ရဲဘော်မောင်ရင်သွေးနွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း လူမသိသူမသိ ကျဆုံးသွားရတဲ့ ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တွေ မြောက်များစွာ ရှိပါတယ်။ အဲဒီထဲမှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁)က အညတြရဲဘော် ညီနောင် သုံးဖော်လည်း ပါဝင် ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ နေထိုင်တဲ့ အသက်(၁၉)နှစ်အရွယ် ကိုသက်ပိုင်ဦး၊ အသက်(၂၂)နှစ်အရွယ် ကိုမင်းဘိုဘိုနဲ့ အသက်(၃၃)နှစ်အရွယ် ကိုဟိန်းထက်စိုးတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ရည်မျှော်ပြီး အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်းနဲ့ ပြီးခဲ့တဲ့ ဇွန်(၁၅)ရက်မှာ ကျဆုံးခဲ့ရပါတယ်။




ဇွန်(၁၅)ရက်က မကွေးတိုင်း ဂန့်ဂေါဘက်ကနေ ဂန့်ဂေါ – ပုလဲ – ယင်းမာပင် – မုံရွာ လမ်းအတိုင်း မုံရွာဘက် ဆင်းလာတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ကားအစီး (၁၀၀)ကျော်ကို ယင်းမာပင်နယ်ထဲမှာ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ရင်း စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ကာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
”ကားတန်းတွေ လာတဲ့အချိန်မှာ မိုင်းဆွဲဖို့ လေးပွိုင့် ထောင်ထားတယ်။ အဲဒီ လေးပွိုင့်ထောင်ထားတဲ့ အချိန်မှာ ကားတွေက ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ ခါးလောက်မှာ ဖြတ်ဆွဲတယ်။ သူတို့ (စစ်အုပ်စု)က အထိနားပြီး နှစ်ပွိုင့်ကွဲသွားတဲ့ အချိန်မှာ ကားတွေ ရပ်သွားတယ်။




ရပ်သွားတဲ့အချိန်မှာ နောက်ကားအောက်မှာ နှစ်ပွိုင့် ကျန်နေတော့ နှစ်ပွိုင့်ကျန်သေးတယ် ထပ်ခွဲမယ်ဆိုတဲ့အချိန်မှာ အဲဒီ မိုင်းကြိုးတွေကို ဖြတ်သွားတဲ့အခါကျ ကျနော်တို့က ဖြတ်သွားမှန်း မသိလိုက်ဘူး။ မသိလိုက်တော့ အဲဒီဟာကို ရအောင် ရှေ့တိုးပြီး ထပ်ခွဲတဲ့အချိန်မှာ သူတို့က ပြန်ပတ်လာတယ်။ (၁၅)မိနစ်လောက် နေတဲ့အချိန်မှာ သူတို့က ရောက်လာတာ။
ကျနော်တို့ကို မှတ်မိသွားတယ်။ မှတ်မိသွားတဲ့ အချိန်မှာ လက်နက်ကြီးတွေနဲ့ ထုတော့ ထုတဲ့အချိန်မှာ ရဲဘော်သုံးယောက်က လက်နက်ကြီးမှန်ပြီးတော့ တစ်နေရာတည်းမှာပဲ စုပြုံပြီး ရှိနေတဲ့အချိန်မှာ မသေသေးဘူး။




မသေသေးတာကို သူတို့က မသေမချင်း ဓားနဲ့ ထိုးသတ်သွားတယ်” မိုင်းဆရာ ညီနောင် သုံးဖော် ကျဆုံးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)ရဲ့ တပ်ရင်းမှူး ဗိုလ်လင်းထွဋ်က ပြောပြပါတယ်။
ကျဆုံးခဲ့ရတဲ့ ကိုသက်ပိုင်ဦး၊ ကိုမင်းဘိုဘိုနဲ့ ကိုဟန်းထက်စိုးတို့ ရဲညီနောင် သုံးဖော်ဟာ ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)ရဲ့ မိုင်းထုတ်လုပ်ရေးနဲ့ ဖောက်ခွဲ တိုက်ခိုက်ရေးတွေမှာ တာဝန်ယူထားတဲ့သူတွေ ဖြစ်ကြပြီး အရပ်အခေါ် ဆိုရင်တော့ တပ်ရင်းရဲ့ “မိုင်းဆရာ”တွေ ဖြစ်ကြပါတယ်။




အာဏာမသိမ်းခင်ကတော့ ကိုသက်ပိုင်ဦးနဲ့ ကိုမင်းဘိုဘိုတို့ နှစ်ဦးက တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပြီး ကိုဟိန်းထက်စိုးကတော့ လက်သမားဆရာ ဖြစ်ပါတယ်။ သူတို့ သုံးဦးက ညီအကိုဝမ်းကွဲ တော်စပ်ကြပြီး တစ်ရွာတည်း အတူနေ သူတွေလည်း ဖြစ်ကြပါတယ်။
ကျဆုံးရဲဘော် သုံးဦးလုံးဟာ သူတို့အိမ်မှာ အငယ်ဆုံးသားတွေ ဖြစ်ကြပြီး တော်လှန်ရေးအပေါ် ထားတဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ခံယူချက် ပြင်းပြမှုတွေကို ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ခံ ရဲဘော်မောင်ရင်သွေးက အခုလို ပြောပြပါတယ်။




ရဲဘော်မင်းဘိုဘိုက ယင်းမာပင်နယ်မှာ စစ်ပညာသင်တန်းတွေ စဖွင့်တော့ တက်ရောက်ချင်ပေမယ့် သူ့အဖွားက ခွင့်မပြုတာကြောင့် ထမင်းမစားဘဲ ဆန္ဒပြခဲ့တဲ့အထိ စိတ်ဆန္ဒ ပြင်းပြခဲ့သူ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“ရဲဘော်မင်းဘိုဘိုပေါ့။ သူဆိုလို့ရှိရင် ကျနော်တို့ aဒသမှာက နကိုတည်းက စစ်သင်တန်းကျောင်းတွေ မဖွင့်ခင်တည်းကတောင်မှ တူမီးတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေ မဖြစ်ခင်ကတည်းက တိုက်ခဲ့ကြတယ်။




စိတ်အားထက်သန်တော့ တပ်ရင်း(၁)မှာ စပြီး စစ်သင်တန်းကျောင်းတွေ ဖွင့်ပြီဆိုတော့ လူတွေ အဲဒီအချိန်က စွန့်ပြီး ထွက်လာတဲ့သူတွေ နည်းတယ်။ အဲနည်းတဲ့ကာလမှာ ကတည်းက သူက စစ်သင်တန်း သွားချင်တာ။
သူ့အိမ်ရဲ့ အဓိကစီမံခန့်ခွဲတာက သူက မြေးအငယ်ဆုံးလည်း ဖြစ်တယ်။ သူ့အမေကြီးက ဒီ PDF ထဲကိုဝင်မှာ လက်နက်ကိုင်တော်လှန်မှာ တအားစိုးရိမ်တာ။ ငယ်သေးတာကိုး။ အဲတော့ကျ ခွင့်မပြုဘူး။
ခွင့်မပြုတော့ ကလေးက ဘာလုပ်လဲဆိုတော့ ထမင်းမစားဘူး ဆန္ဒပြတဲ့အချိန်မှာ သုံးရက်မြောက်ကျော် လေးရက်မြောက်နေ့မှာ သူ့အမေကြီးတွေရော လက်လျှော့ပြီးတော့ ခွင့်ပြုလိုက်ရတာ။
နောက်အပတ်မှာ သင်တန်းကျောင်းကို စတက်တယ်။ အဲဒီက ဆင်းလာပြီးကတည်းက သူတို့က မိုင်းဆွဲတာကို တစိုက်မတ်မတ် တာဝန်ယူခဲ့ကြတာပဲ”




ဒေသတွင်း တိုက်ပွဲတွေ ခေတ္တ ရပ်နားနေချိန် အိမ်အလည်ပြန်ခွင့် ပေးရင်တောင် အဲ့ဒီ ညီနောင် သုံးဖော်ထဲက အငယ်ဆုံး ရဲဘော် ကိုသက်ပိုင်ဦးဟာ အိမ်မပြန်ဘဲ စခန်းမှာပဲ ကျရာတာဝန်ကို အဆက်မပြတ် ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ရဲဘော် မောင်ရင်သွေးက ဆက်လက် ပြေပြပါတယ်။
“တပ်ရင်း(၁) စစ်သင်တန်းကျောင်းမှာ လာတက်တယ်။ သူက (ရဲဘော်သက်ပိုင်ဦး) လည်း သူ့အိမ်မှာ အငယ်ဆုံးပဲ။ လူပျိုလူလွတ်လည်း ဖြစ်တယ်။ ပြန်လာပြီးတော့ သူတို့က တာဝန်အတူတူ ယူကြတာ။
သူတို့ တာဝန်ယူတဲ့နေရာတွေတော့ မပြောတော့ဘူး။ စဉ်ဆက်မပြတ် သူတို့က ဘာတာဝန်အဓိက ယူလဲဆိုတော့ သူတို့က မိုင်းဆွဲတယ်။ သူတို့က ကျရာတာဝန်ယူပြီးတော့ ဒီလိုမျိုးသွားခဲ့ကြတာ။




ခံယူချက်တော်တော်ပြင်းတဲ့ ကလေးတွေပါ။ ဘာလို့တုန်းဆိုတော့ စခန်းနဲ့ သူတို့ရဲ့ အိမ်တွေနဲ့ဆို မဝေးတာတောင်မှ တစ်ခေါက်တစ်ခါ ပြန်ဖို့တောင်မှ မပြန်ကြဘူး။ စဉ်ဆက်မပြတ်ဒီလိုပဲ။
နေ့ဆိုရင်စောင့် ညဆိုရင်စောင့် အလှည့်ကျနဲ့ ရွပ်ရွပ်ချွန်ချွန်နဲ့ ကျိုးကျိုးနွံနွံနဲ့ လိမ်လိမ်မာမာနဲ့ စိတ်အားထန်းထက်ထက်သန်သန်နဲ့ လုပ်တဲ့ကလေးတွေပဲဗျ။ ကျဆုံးသွားတာ ကျနော်တို့အတွက်လည်း အများကြီးနှမျောတယ်။ တန်ဖိုးထားမှုလည်း အများကြီးမြင့်ခဲ့တယ်”
ညီနောင် သုံးဖော်ထဲက အကိုကြီးဖြစ်တဲ့ ရဲဘော်ဟိန်းထက်စိုးကတော့ သူက ပညာတတ်တစ်ယောက်မဟုတ်၊ ထက်ထက်မြက်မြက် မရှိပေမယ့် ခိုင်းတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်လို့ မကျဆုံးမီ နာရီပိုင်းအလိုမှာ ပြောသွားကြောင်း မောင်ရင်သွေးက ပြန်ပြောင်း ပြောပြပါတယ်။
“သူနဲ့ကို (ရဲဘော်ဟိန်းထက်စိုး) နောက်ဆုံးအခေါက် မိုင်းဆွဲတဲ့နေ့ မကျဆုံးခင်ကဆို သူက ပြောတာလေးပေါ့။ စိတ်ထဲ သတိရတာပေါ့။ ကျနော်က ဟိုလို (နိုင်ငံရေးတွေ၊ သဘောတရားတွေ) မသိဘူးတဲ့။
ပေးတဲ့တာဝန်ပဲ။ ခိုင်းတဲ့ဟာတော့ ကျနော်က အကုန်လုပ်မှာပဲဗျာ။ ဟိုလိုကတော့ ထက်ထက်မြက်မြက် မရှိဘူးတဲ့။ ကိုယ်တတ်နိုင်တဲ့ ဘယ်တာဝန်ပဲဖြစ်ဖြစ် အပြည့်အဝယူမယ်။ သူက အဲလိုလေးပဲ ပြောသွားတာ။




သူက နကိုကတည်းက အသက်ကကွာတာကိုး။ အဲလို လေးလေးစားစားပြောတယ်။ အဲဒါပြောပြီးတော့ ဒီဟာကိစ္စလည်း ပြီးသွားရော။ ကျနော်တို့မှာကျ ပြန်ပြီးတော့ ရင်ထုမနာ ဖြစ်တာပေါ့ဗျာ။
ကျိုးကျိုးနွံနွံနဲ့ အေးအေးဆေးဆေးနဲ့ ငြိမ်ငြိမ်သက်သက်နဲ့ မိုင်းနေရာမှာ တာဝန်ပေးတယ်ဆိုတာ တအားစိတ်ရှည်တဲ့သူမျိုးတွေ၊ သည်းခံတဲ့သူမျိုးတွေ၊ ရဲရဲဝံ့ဝံ့လုပ်ရဲတဲ့သူမျိုးတွေ ဒါမျိုးလေးတွေကို ရွေးပြီးတော့ တာဝန်ပေးထားရတာကိုး။
အဲလိုမျိုးတွေ သုံးယောက် အစုလိုက်အပြုံလိုက် ကျဆုံးသွားတာဆိုတော့ ကျနော်တို့အတွက် အများကြီး နစ်နာပါတယ်။ တော်လှန်ရေးအတွက်လည်း အများကြီးနစ်နာပါတယ်”
ကျဆုံးရဲဘော် သုံးဦးဟာ ငယ်ရွယ်သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အနာဂါတ်အိပ်မက်တွေ ကိုယ်စီရှိကြမှာပါ။ ဒါပေမယ့် သူတို့ သုံးဦးလုံး နွေဦးတော်လှန်ရေး ပန်းတိုင်မရောက်ခင် လမ်းခုလတ်မှာတင် ကျဆုံးသွားခဲ့ကြပါပြီ။
“သူတို့တွေက ကျောင်းသားလူငယ် အရွယ်တွေလည်း ဖြစ်ကြသေးတယ်လေ။ သူတို့က လူငယ်ဘဝကို ပြည့်ပြည့်၀၀ မခံစားဘူးသေးဘူးပေါ့ဗျာ။ မိန်းမပိုးရမယ့်အရွယ်ကိုး။
အဲဒီအရွယ်က ဒီတော်လှန်ရေးထဲမှာ ခြေစုံပစ်ဝင်ပြီးတော့ လူငယ်အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာပဲလေ။ သူတို့ စိတ်ကူးအိပ်မက်တွေပေါ့။ ဘာတွေ ဖြစ်လိမ့်မလဲဆိုတာ ကျနော်ဖြင့် တွေးတောင်မတွေးရက်ဘူး” လို့ ရဲဘော် မောင်ရင်သွေးက ဆိုပါတယ်။




နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေး မအောင်မချင်း ဘာအကြောင်းနဲ့မှ သွေဖယ်သွားမှာ မဟုတ်ဘူးလို့လည်း ရဲဘော် မောင်ရင်သွေးက ဆိုပါတယ်။
“သူတို့က တာဝန်ကျေတယ်ဆိုတာရဲ့ ဟိုဘက်အထိ လွန်ခဲ့ပါတယ်။ ကျနော်တို့က ညီအစ်ကို သံယောဇဉ်ထက် ဒီတော်လှန်ရေးမယ် သူတို့ကတော့ သေတဲ့အချိန်အထိ တစိုက်မတ်မတ် လုပ်သွားခဲ့တာပဲလေ။ ဆိုတော့ အဲလို အလုပ်လုပ်တဲ့သူတွေရဲ့ မျက်နှာကို အပြည့်အ၀ ကြည့်ပါတယ်။
တော်လှန်ရေးအပေါ်မယ် စိတ်ညစ်တာ၊ စိတ်ပျက်တာ၊ စိတ်အားငယ်တာ၊ စိတ်ကုန်တာ၊ ဒါမျိုးတွေ ဖြစ်လာတိုင်း နည်းမျိုးစုံနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အလုပ်လုပ်ခဲ့တဲ့ ရဲဘော်တွေရဲ့ မျက်နှာကို ထောက်ပြီးတော့ ဘယ်သောအခါမှ ဒီ နွေဦးတော်လှန်ရေး မဆုံးမချင်း ဒီတော်လှန်ရေးနဲ့ သွေဖယ်သွားမှာ မဟုတ်ဘူးဆိုတာကို သူတို့ သုံးယောက်အပါအဝင် ကျန်တဲ့ကျဆုံးရဲဘော်တွေ လက်ရှိရဲဘော်တွေကို ကတိကဝတ်ပြုချင်ပါတယ်”
Crd: MFP