ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ ဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန်ဟူသော စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ခြိမ်းခြောက်ပြောဆိုမှုသည် ရခိုင်ပြည်နယ်အတွင်း အခက်အခဲနှင့် အကျပ်အတည်း ဖြစ်ပေါ်မှုကို ဖြေ ရှင်းရန် မကြိုးစားဘဲ ထိပ်တိုက်တွေ့မည့်လမ်းကိုသာ ဦးတည်လုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက တုံ့ပြန်ပြောဆိုသည်။




၎င်းက “နေပြည်တော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောနေတာက ငြိမ်းချမ်းရေးပေါ့။ အောက်ခြေမှာတော့ ထိပ်တိုက်တိုးရေး၊ ပြည်သူတွေကို အကျပ်အတည်း ဖြစ်စေရေးပဲ တောက်လျှောက် လုပ်နေတာ တွေ့တယ်” ဟု ပြောသည်။
မကြာသေးမီရက်ပ်ိုင်းက AA ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ တွေ့ဆုံမှုအပေါ် စစ်ကောင်စီ၏ သဘောထား အပါအဝင် လက်ရှိ ရခိုင်တွင် စစ်ရေးတင်းမာနေမှုများနှင့် ပတ်သက်ပြီး
မေ ၁၉ ရက် သတင်းစာရှင်းလင်းပွဲ၌ သူရိယနေဝန်းသတင်းထောက်က မေးမြန်းသည်ကို ပြန်လည်ဖြေကြားခဲ့သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောစကားများ အပေါ် ထိုသို့ တုံ့ပြန်ပြောဆိုခြင်းလည်း ဖြစ်သည်။




ဦးခိုင်သုခက “သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့စကားက ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက် ခြိမ်းခြောက်တာ ဖြစ်တယ်။ တခုခုဖြစ်လာလို့ရှိရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ ဆိုတဲ့စကားကို ကျနော်တို့ တွေ့တယ်။ ဒီဟာက တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို တခုခုဖြစ်လာခဲ့မယ်ဆိုရင်
ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့ မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ ဖော်ပြနေတာဖြစ်တယ်လို့ ကျနော်က အဲဒီလိုပဲ သုံးသပ် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လက်ရှိအချိန်ထိ တိုက်ပွဲမဖော်ခြင်းမှာ ရခိုင်ပြည်သူလူထုကို ဒုက္ခမရောက်စေလိုသည့်အတွက် စိတ်ရှည်သည်းခံပြီး ထိန်းသိမ်းလုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟုလည်း ဗိုလ်ချုပ် ဇော် မင်းထွန်းက ပြောဆိုခဲ့သည်။




ဦးခိုင်သုခက “စစ်ဖြစ်ရင် ပြည်သူတွေ နစ်နာမယ်ဆိုတာ ထမင်းစားတဲ့လူတိုင်း သိတဲ့ကိစ္စ ဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျနော်တို့ ရခိုင်ပြည်သူကို ငတ်ပြတ်အောင် လုပ်နေတာက ပိုပြီးတော့ ခံရခက်တယ်။ ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးတော့ ငတ်ပြတ်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်တာတွေကြားမှာ အမျိုးမျိုး ဒုက္ခခံနေကြရတယ်” ဟု တုံ့ပြန်ပြောဆိုသည်။
AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်များမှာ ပြီးခဲ့သည့် တိုက်ပွဲ ကာလအတွင်းက ကြုံတွေ့ခဲ့ရသလိုမျိုး ဒုက္ခရောက်ချင်သလားဆိုသည့် ပြည်သူကို ဦးတည်ပြီး ခြိမ်းခြောက်ပြောဆိုမှု ဖြစ် ကြောင်း ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်လာရင် AA နဲ့ ဖြစ်ဖို့ဆိုတာထက် သူတို့က ရခိုင်ပြည်သူလူထုကို အရင်တုန်းကလည်း ဒုက္ခပေးခဲ့တာ တွေများပါတယ်။ ရွာတွေကို မီးရှို့တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ အမျိုးစုံပေါ့။ လူထုကို ရှေ့တန်းတင်ပြီး အဲဒီလို ပြန်ရောက်ချင်သလားဆိုတာမျိုး သတိပေးတာပေါ့” ဟု ဆိုသည်။




စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်နားလည်မှုဖြင့် ယာယီအပစ်ရပ်ထားသော်လည်း ကုန်စည်စီးဆင်းမှုများ အား တားမြစ်ကန့်သတ်ခြင်း၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ခရီးသွားပြည်သူများကို တင်းကျပ်စွာ စစ်ဆေးခြင်းများနှင့် အတူ ကျေးရွာများသို့ မကြာခဏဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ကာ ဒေသခံပြည်သူများကို အနှောင့်အယှက် ပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောသည်။
ယခုရက်ပိုင်းအတွင်း၌လည်း မြောက်ဦး၊ ကျောက်တော်နှင့် ဘူးသီးတောင်တို့တွင် စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း များမှ ညအချိန်ခါတွင် လက်နက်ငယ်များ အဆက်မပြတ် ပစ်ခတ်ပြီး အများပြည်သူ အထ်ိတ်တလန့်ဖြစ်စေရန် ခြိမ်းခြောက် မှုများ ပြုလုပ်နေကြောင်းလည်း အနီးဝန်းကျင်ရှိ ဒေသခံများက ဆိုသည်။




ရခိုင်အမျိးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ ဒုက္ခရောက်ချင်သလားဆိုတဲ့အပေါ် ကျမက တခွန်းပဲ မေးခွန်းထုတ်ချင်တယ်။ ပြည်သူကို ဒုက္ခရောက်ချင်သလားဆိုတော့ စစ်တပ်က ဘယ်တုန်းက ကောင်းခဲ့တာရှိလဲ။ ကျမတို့ တိုင်းရင်းသားပြည်သူတွေအပေါ် ဘယ်တုန်းက ကောင်းခဲ့တာရှိလဲ။ ကျမအသက် ၇၀ နီးပြီ။ ကျမ သက်တမ်း တလျှောက် စစ်တပ်က ဘယ်တုန်းက ကောင်းခဲ့တာရှိလဲ တခွန်းပဲ ပြန်မေးချင်တယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေအရ အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အောက်ခြေတွင် စစ်ရေးတင်းမာမှု မြင့် တက်လျက်ရှိပြီး ပြီးခဲ့သည့် မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးတွင် မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။




ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် AA တို့ စစ်ရေးတင်းမာမှု မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာပြီ ဖြစ်ပြီး စစ်တပ်က နေရာအနှံ့ စစ်အင်အားတိုးချဲ့ကာ ULA /AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို အနှောင့် အယှက်ပေးနေသလို အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် ကြိုးပမ်းနေ ကြောင်းလည်း AA သတင်းပြန်ကြားရေးဌာနက မေ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ကြား ၂၀၁၈ နှစ်ဆန်းပိုင်းမှ ၂၀၂၀ နှစ်လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား ခဲ့ပြီး ကျေးရွာအမြောက်အမြား မီးရှို့ခံရမှုနှင့်အတူ ရခိုင်အရပ်သား ၂၀၀ ကျော်ထိ စစ်တပ်၏ ဥပဒေမဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရ သည်။




ထိုသို့ ဖမ်းဆီးခံရသည့်ထဲတွင် စစ်ကြောရေးကာလအတွင်း ရခိုင်အရပ်သား ၂၀ နီးပါး သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး စသည့် တရားရုံးများတွင် ရခိုင်အရပ်သား ၃၀ ကျော် အကြမ်းဖက်ဥပဒေဖြင့် တရား ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
Crd