မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ရေထဲကို ခုန်ချဖို့ ကြံစည်ခဲ့ပေမယ့် အကြံအစည် ပျက်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးကို ဘေးကလူတွေက ဝိုင်းဝန်းဖြောင်းဖျလို့ အကြံအစည် ပျက်ခဲ့ရတာမျိုး မဟုတ်ပါဘူး။ တကယ်တမ်းက ခုန်ချတဲ့အထိ စိတ်ကူးကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။




ဒါပေမယ့် အနီးအနားမှာ မိကျောင်းတစ်ကောင် ဟိုဟိုသည်သည် ကူးနေတာကို မြင်ပြီးနောက် ကြောက်လန့်တကြားပဲ နီးရာကမ်းစပ်ဆီကို တတ်သလောက်မှတ်သလောက် ရေအမြန်ကူးခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီမှာကတည်းက သူမ တကယ် မသေချင်သေးဘူူးဆိုတာ သေချာသွားတာပါတဲ့။




အဆိုပါ အမျိုးသမီးဟာ အင်ဂျင်နီယာတစ်ယောက်လို့ သိရပါတယ်။ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သူမဟာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ခံစားနေရသူလို့ သိရပါတယ်။ သူမဟာ စိတ်ဖိအားတွေကို မခံချင်တော့တဲ့အဆုံး မြစ်ထဲကို ခုန်ချခဲ့တာပါ။




အနီးအနားလူတွေက ဖြောင်းဖျပေမယ့် မထိရောက်ခဲ့ပါဘူး။ ဒါပေမယ့် ဗိုက်ဆာနေတဲ့ မိကျောင်းတစ်ကောင်က အသင့်စောင့်ဆိုင်းနေတဲ့အတွက် သူမဟာ အဲဒီအခါမှ မရှုမလှဖြစ်ရမယ့်အရေးကို တွေးမိပြီး၊ စိတ်ကူးကို ပြန်လည်ပြင်ဆင်ကာ အမြန်ကူးပြီး လွတ်လမ်းကို ရှာခဲ့ရတာလို့ ဆိုပါတယ်။




သူမကို အနီးအနားရှိ တာဝန်သိသူတွေကလည်း အမြန်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Klang မြို့၊ Jalan Dato Mohd Sidin မှာတည်ရှိတဲ့ တံတားတစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။




အမျိုးသမီးကတော့ အခုအချိန်မှာ ဘေးကင်းလုံခြုံနေပါတယ်။ South Klang District Police ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ လက်ထောက်မဟာရဲမင်းကြီး- Shamsul Amar Ramli ကလည်းဒီဖြစ်စဉ် တကယ်ဖြစ်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။




သူတို့ရဲတပ်ဖွဲ့ဆီကို ဖုန်းဆက်သွယ် တိုင်ကြားမှုလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်သွားရောက်ခဲ့ပေမယ့် အခင်းဖြစ်နေရာကိုအရောက်မှာ အမျိုးသမီးက ဘေးကင်းလုံခြုနေပါပြီတဲ့။ အမျိုးသမီးဟာ လူလွတ်တစ်ဦး ဖြစ်ပြီး၊ ရဲက တခြားစစ်မေးမှုတွေ ပြုလုပ်နေပါတယ်။crd