နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်ကားလေးရဲ့ ပိုစတာလေးကို ငိုင်ပြီး ကြည့်နေမိတယ် ဆိုတဲ့ ပန်ဆယ်လို
ဒါရိုက်တာဏကြီး ရိုက်ကူးပြီး ဒေါင်းနဲ့ ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့ “နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်ကားလေးရဲ့ ပိုစတာလေးကို ငိုင်ပြီး ကြည့်နေမိတယ်။




“နိုင်ငံပျောက်သူ” တဲ့။ ဝရမ်းပြေးဘဝနဲ့ သူများနိုင်ငံထဲကို ခိုးဝင်ခဲ့ရစဉ်က အချိန်တွေ ခေါင်းထဲ ပြန်ရောက်လာတယ်။ သိမ်ငယ်လိုက်ရတာ။
အခိုးအငွေ့တစ်ခုလို ပျောက်ကွယ်သွားချင်တဲ့ သိမ်ငယ်စိတ်ဟာ စူးနစ်။ အမှုန်အမွှားတစ်ခုလို မှုန်ဝါးပျောက်ကွယ်သွားတော့မတတ်ပဲ။




Passport အနီလေးကိုင်ပြီး ချက်ချင်းထသွားလို့ရတဲ့ နိုင်ငံမျိုး၊ အဲ့နိုင်ငံမှာ သုံးချင်ဖြုန်းချင်ရင် အဲ့နိုင်ငံသားတွေကို Tip Money ပေးပြီး ခိုင်းလို့ရတဲ့ အခြေအနေမျိုးကနေ ဟိုးနယ်စပ်ဇနပုဒ်ကနေ အမှောင်ကို အကွယ်အကွယ်ယူပြီး နိုင်ငံဖြတ်ကျော်ခိုးဝင်ခဲ့ရ။
ဟုတ်တယ်… နေ့ချင်းညချင်း ကိုယ့်နိုင်ငံကြီးက ပျောက်သွားခဲ့တာ။ စစ်အာဏာရူးခွေးတွေကြောင့် ကျေနပ်နှစ်သိမ့်ဖွယ်ရာ အခြေအနေကနေ အားလုံးပြောင်းပြန်လှန်လိုက်သလို ပျောက်ဆုံးသွားခဲ့တာ။




ပြစ်မှုကျူးလွန်သူတွေဟာ သေနတ်ကိုင်လိုက်တယ်။ ဘာအပြစ်မှ မကျူးလွန်ကြသူတွေဟာ အပြစ်သား ဖြစ်သွားတယ်။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်သူတွေက နိုင်ငံတော်သစ္စာဖောက်မှုလို့ ပုဒ်မတပ်တော့ အော်အော်ရယ်ရသေးတာ။
တစ်နှစ်ကျော်အကြာမှာ နိုင်ငံသားအဖြစ်က ရပ်စဲလိုက်သည်ဆိုတော့ ကိုယ့်မှာ သုံးရက်လောက် ခွဲခွဲရယ်ရသေးတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက နိုင်ငံပျောက်သွားသူတစ်ယောက်အတွက် စောက်ဖက်လုပ်စရာမရှိတဲ့ အမိန့်တွေဟာ ဘာအရေးတကြီးရှိမှာမို့လဲ။
နိုင်ငံထဲမှာနေရင်း နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့သူတွေကရော နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။ အပြစ်မဲ့ သတ်ဖြတ် ဖမ်းဆီးခံနေရသူတွေကရော နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။




အိုးအိမ်တွေ ဖျက်ဆီးမီးရှို့ခံနေရသူတွေကရော နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။ ကိုယ့်နေရာလေး အေးနေသေးလို့ ဒီနွေကို မပူဘူး ထင်နေကြသူတွေကရော ဘာခိုင်မာမှုမှ မရှိတော့တဲ့ အခြေအနေဟာ နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတာကို လိပ်ပြာသန့်သန့် အော်ဆိုနိုင်မယ့် နိုင်ငံကို ပြန်လည် ရှာဖွေနေကြရတယ်။ ဒီနိုင်ငံဟာ စစ်ဘီလူး အာဏာရူးတွေလက်ထဲ သွေးစက်လက်နဲ့ ပျောက်ဆုံးနေခဲ့။
ပျောက်ဆုံးသွားတဲ့ နိုင်ငံတော်ကို တူးဆွရှာဖွေနေတဲ့ လူငယ်တွေရဲ့ လက်တွေဟာ ပေါက်ပြဲလို့၊ နှလုံးသားတွေဟာ သွေးချင်းချင်းရဲလို့။ အချို့တွေဟာ ပျောက်ဆုံးမှန်းမသိ တုံဏှိဘာဝေ။
တုံဏှိဘာဝေတွေအတွက် တက်ကြွသူလူငယ်တွေဟာ ပိုပိုပေးဆပ်နေရလို့။ နိုင်ငံပျောက်ကြီးထဲမှာ အနာဂတ်ပျောက်နေတဲ့ ကလေးတွေမှာ ဦးနှောက်ကင်ဆာတွေနဲ့။




နိုင်ငံခြားရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလေးတစ်ခုကို ပြန်သတိရမိတယ်။
“အိမ်ဆိုတာ ဘာလဲ… သိလား”
“ဘယ်ကိုမှ အဝေးကြီး ထွက်သွားစရာ မလိုတော့အောင် စိတ်ချလုံခြုံရတဲ့ နေရာပေါ့” တဲ့။
ပျောက်ဆုံးသွားတဲ့နိုင်ငံတော်ကို ကိုယ့်ခွန်ကိုယ်အား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ရှာဖွေ ဆယ်ယူနေဆဲ။ ကိုယ်စိတ်ပျက်မသွားပါဘူး။ စစ်အာဏာရူးတွေကိုကလွဲရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။




ဒါပေမယ့် ဘယ်ကိုမှ အဝေးကြီးထွက်သွားစရာမလိုတဲ့ အိမ်စစ်စစ်ကိုမှ ပြန်မရရင် ကိုယ်ဘယ်တော့မှ လွမ်းနေဖြစ်မှာ မဟုတ်တော့ဘူး။crd